ကိုယ်တော်ထံအပ်နှံ
20.6.2022(Monday)
မဿဲ ၁၁:၂၈-၂၉“ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ငါသည် ချမ်းသာပေးမည်။ငါ့ထမ်းပိုးကို တင်၍ထမ်းကြလော့။ငါ့ထံ၌နည်းခံကြလော့။ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်”
လူသားအနေဖြင့် ကျွန်တော်တို့သည် တစ်ခါတစ်ရံ ပင်ပန်းခြင်း၊ပူပန်ခြင်းများရှိတတ်ပါသည်။ သို့သော် သခင်ယေရှုကိုနှလုံးသားထဲ ယုံကြည်လက်ခံ၍ ခေါ်ဖိတ်သောသူတိုင်းအတွက် ဂတိတော်ရှိပါ၏။ ထိုဂတိတော်ကတော့ “ငါသည် သင့်နှင့်အတူ ကပ်ကမ္ဘာကုန်သည်တိုင်အောင်ရှိနေမည်”ဟူ၍ဖြစ်ပါသည်။ ဘယ်တော့မှမစွန်ပယ်သော ထာဝရဂတိတော်ဖြစ်ပါသည်။ နေ့ရက်တိုင်းစိတ်ချယုံကြည်ခြင်းအပြည့်ဖြင့် မိမိအသက်တာကို ဆက်ကပ်အပ်နှံဖို့သာလိုပါသည်။ ၂၀၂၁ခုနှစ်အတွင်း ခေါ်တော်မူခြင်းခံရသော Shining Star မိဘမဲ့ဂေဟာကိုတည်ထောင်သူ အမိုးသောရေနှင့်ကျွန်တော်သည်စကားတစ်ခါပြောခဲ့ဖူးပါသည်။ ကျွန်တော်က “အမိုးရေ…ဒီကလေးတွေအများကြီး ဘယ်လိုများကျွေးမွေးစောင့်ရှောက်ပါသလဲ”ဟုမေးလိုက်ပါသည်။ ထိုအခါသူမက “ဖိုးခွါးရေ….အမိုးလည်းအမိုးခွန်အားနဲ့မတတ်နိုင်ပါဘူး၊ အရင်တုန်းကတစ်လတစ်လ ဒီကလေး တွေစားဝတ်နေရေးအတွက် အရမ်းရုန်းကန်ပြီး၊ လူတွေဆီလည်း မျှော်လင့်ခဲ့တယ်၊အရမ်းပင်ပန်းခဲ့တယ် ဖိုးခွါးရယ်”ဟုပြောပါသည်။ ထိုနောက်သူမက “အခု တော့ စိုးရိမ်ခြင်းအမှုရှိသမျှကို ဘုရားသခင်ထံအပ်နှံလိုက်မှ အရမ်းစိတ်တွေပေါ့ပါးလာတယ်”ဟု သက်သေခံခဲ့ပါသည်။ ထိုနည်းတူစွာပင် ကျွန်တော်တို့၏ ရင်ဆိုင်နေရသော ဒုက္ခကျောက်ဆောင်များသည် မည်မျှပင် ကြီးမားစေကာမူ ကိုယ်တော်ထံအပ်နှံဖို့သာ အဓိကဖြစ်ပါ၏။ ကိုယ်တော်ထံအပ်နှံပါက စိတ်၏ပေါ့ပါးခြင်းနှင့်အတူ ငြိမ်သက်ခြင်းကိုရရှိမည်ဖြစ်သည်။ထမ်းရွတ်နေရသော ဝန်ထုပ်များကို ကိုယ်တော်ထံအပ်နှံ၍ နေ့ရက်စဉ်တိုင်း ကိုးစားခြင်းဖြင့် လျှောက်လှမ်းကြရအောင်။
ဖလားဆဲ