အားပေးတတ်သောဖခင်

Share

အားပေးတတ်သောဖခင်
17.6.2022(Friday)

ဧဖတ် ၆:၄“အဘတို့၊ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါမပြုကြနှင့်။သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက်၊ ကျွေးမွေးကြလော့”

ဖခင်၏ တန်ဖိုးသည် တုနှိုင်းမရအောင်ကြီးမားလှပါသည်။ မိသားစုတွင် သားသမီးများအား အားပေးတတ်သောဖခင်နှင့် အားမပေးတတ်သောဖခင်သည် အင်မတန်မှကွာခြားလှပါသည်။
အားပေးတတ်သောဖခင်ကြောင့် အချို့သည် ကမ္ဘာကျော်အထိတောင်ဖြစ်သွားသော သာဓကများရှိပါသည်။ ကမ္ဘာ‌ကျော်ဘောလုံးသမားခရစ်တီယာနိုရော်နယ်ဒို၏ ဖခင်သည် သူ၏သားဘောလုံးပွဲတိုင်း ကိုလိုက်လံအားပေးတတ်သူဖြစ်သည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက ဖခင်၏အားပေးခြင်းကို ရရှိခြင်းကြောင့် လူငယ်‌ ဘောလုံးသမားဘဝအဆင့်ဆင့်မှစ၍ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့ပါသည်။ ယနေ့မြင်တွေ့ရသည်မှာအချို့သောဖခင်များသည် သားသမီး၏ဆန္ဒထက်မိမိဆန္ဒအတိုင်းအတင်းလုပ်ယူသောအခါ အပျက်ပျက်နှင့် နှာခေါင်းသွေးပျက်သောအဖြစ်မျိုးလည်းရှိပါသည်။ တစ်ခါက သတင်းစာတစ်စောင်တွင် ဆရာဝန်မတစ်ဦးမိမိကိုယ်ကို သေကြောင်းကြံစည်သည့်သတင်းကိုဖတ်လိုက်ရပါသည်။ သေတမ်းစာစောင်တွင် သူမ၏ဆန္ဒဖြစ်သော ဒီဇိုင်းနာဖြစ်ခွင့်ကို မိဘများကရွေးချယ်ခွင့် မရခဲ့သောကြောင့် ဆရာဝန်ဘွဲ့ရပြီး နောက်တစ်နေ့အဆုံးစီရင်ခဲ့ပါသည်။ အင်မတန်မှ ဝမ်းနည်းဖွယ်ရာအဖြစ်အပျက်တစ်ခုဖြစ်ပါသည်။ သားသမီးများ၏ စွမ်းရည်၊အရည်အချင်းများအသိအမှတ်ပြု၍အားပေးတတ်သောမိဘများ၊ဖခင်များဖြစ်မှသာ တာဝန်ကျေပွန်မည်ဖြစ်သည်။ ထို့ကြောင့်အားပေးတတ်သောဖခင်သည် သားသမီးများအတွက် ခွန်အားဖြစ်သောကြောင့် သားသမီးများအားအားပေးတတ်သောဖခင်များဖြစ်စေကြစို့ဟု တိုက်တွန်းပါရစေ။
ဖလားဆဲ