အချိန်လေးရှိတုန်း

Share

အချိန်လေးရှိတုန်း

18.4.2022(Monday)

ဆာလံကျမ်း ၉၀:၁၀“အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနှစ်ဆယ်အတိုင်းအရှည်ရှိပါ၏။အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့်ဝမ်းနည်းခြင်းဖြစ်ပါ၏”

ကမ္ဘာကြီးလည်ပတ်နေသမျှကာလပတ်လုံး ကျွန်တော်တို့သည် အချိန်ဟူသောရထားကြီးကို စီးနင်းကြရပါသည်။

မြန်မာဆိုရိုးစကားများမြောက်များစွာရှိပါ၏။ ထိုစကားများထဲတွင် “မိုးရွာတုန်းရေခံ”၊“အချိန်ရှိခိုက် လုံ့လစိုက်”ဟူသောစကားများသည် ကျွန်တော်တို့နှင့်ရင်းနှီးလှပါသည်။ လူကြီးသူမများ၏ ဆိုရိုးစကားများသည် အင်မတန်မှ တန်ဖိုးရှိလှပါသည်။ ပြောင်းလဲနေသောအချိန်၏ရွေ့လျားမှုအပေါ် တွင် အကောင်းဆုံးအသက်ရှင်လျှောက်လှမ်းမှသာလျှင် အကျိုးရှိမည်ဖြစ်သည်။ နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲမှာတော့ နောဧခေတ်၌ လူသက်တမ်းကို(၁၂၀)အထိသတ်မှတ်သော်လည်း၊ မောရှေခေတ်ရောက်သည့်အခါတွင် လူ့သတ်တမ်းကို (၇၀)ဟုသတ်မှတ်ခဲ့ပါသည်။ (၇၀)နှစ်အထက်သည် ဘုရားသခင်ပေးသနားတော်မူသော အသက်အပိုင်းအခြားဖြစ်ပါ၏။ စာရေးသူ၏ သူငယ်ချင်းသည်လည်း ငယ်ငယ်ရွယ်ရွယ်အသက်(၃၀) အသည်းရောဂါဖြင့်သေဆုံးခဲ့ရပါသည်။ ယနေ့အထိအသက်ရှင်ရခြင်းသည် ကျေးဇူးတော်သက်သက်ကြောင့်ဖြစ်သည်ဟု ဝန်ခံဖို့ဖြစ်ပါ၏။ အချိန်လေးရှိတုန်း သခင်ဘုရားပေးအပ်သော အမှုတော်မြတ်အတွက် တတ်နိုင်သည့်ဘက်မှ ပါဝင်ဖို့ဖြစ်ပါ၏။ ထို့ကြောင့် မတူညီသောနေရာအသီးသီးတွင် မိမိကျရာဂဏ္ဍမှ သတိမရှိသောသူမဖြစ်‌စေဘဲ အကောင်းဆုံးအသက်ရှင်ကြပါစို့။

ဖလားဆဲ