သေလွန်သော်လည်းရှင်လိမ့်မည်

Share

သေလွန်သော်လည်း ရှင်လိမ့်မည်(Easter Sunday)

17.4.2022(Sunday)

ယောဟန် ၁၁:၂၅“ယေရှုကလည်း၊ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်”

ကျွန်တော်တို့မြန်မာနိုင်ငံတွင် ယနေ့မှာတော့ သခင်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို အကြောင်းပြု၍ ယနေ့တွင် Easter Sunday worship အစီအစဉ်များကို လုပ်ဆောင်ကြပါသည်။

ငယ်စဉ်အခါက အသင်းတော်တွင် မနက်ပိုင်းဝတ်ပြုခြင်းအစီအစဉ်ပြီးနောက် ဖွတ်ထားသောကြက်ဥများကို ဘုရားကျောင်းပတ်ဝန်းကျင်တွင် လိုက်လံရှာဖွေကြရပါသည်။ အင်မတန်မှလည်းပျှော်ဖို့ကောင်းလှပါသည်။ ကြက်ဥများအသုံးပြုရခြင်းသည် သခင်ခရစ်တော်သေခြင်းမှ ရှင်ပြန်ထမြောက်လာခြင်းကို ပုံဆောင်၍လုပ်ဆောင်ခြင်းဖြစ်ပါ၏။ အင်မတန်မှ ထူထဲသော ကျောက်တုံးများဖြင့် ပိတ်ဆို့ထားသောသချိုင်းသည်လည်း ပွင့်ထွက်ကုန်ပါသည်။ သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်တော်တို့လူသားတိုင်းအတွက်ဖြစ်ပါ၏။ သန့်ရှင်းသောအသွေးတော်ဖြင့်ရွေးနုတ်ကာ အပ္ပာယ်ငရဲမှ ကယ်တင်တော်မူခဲ့ခြင်းဖြစ်သည်။စာရေးသူ၏သူငယ်ချင်းဆရာမတစ်ယောက်၏ ဥပမာလေးအားဖြင့် ဝေငှလိုပါသည်။ သူမက“ဘယ်‌လောက်ဘဲ ရုပ်ချောချော၊ချမ်းသာသည်ဖြစ်စေ သေသွားတဲ့အခါ မည်သူမျှ အိမ်တွင်(၃)ရက်ထက်ပိုမထားချင်ပါ”အဘယ်ကြောင့်ဆိုသော ပျက်စီးယိုယွင်းမည့်ခန္ဓာဖြစ်သောကြောင့်ဖြစ်သည်။သို့သော် သခင်ယေရှုခရစ်တော်သည် (၃)ရက်ပြီးနောက်ပြန်လည်ထမြောက်လာခြင်းဖြစ်ပါသည်။ ထိုထမြောက်ခြင်းက ယုံကြည်သူသားသမီးတိုင်းအတွက်ဖြစ်ပါသည်။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်ရှင်လိမ့်မည်ဟူသောဂတိတော်အားဖြင့် တမလွန်အတွက်စိတ်ချလှုံခြုံမှုကို ရရှိစေမည်ဖြစ်သည်။ Easter Sundayမှာ ရွှင်လန်းချမ်းမြေ့ကြပါစေဟု တောင်းဆုပြုပါသည်။

ဖလားဆဲ