နှိမ့်ချခြင်းအားဖြင့်
10.4.2022(Sunday)
သုတ္တံကျမ်း ၁၁:၂“မာနထောင်လွှားသောအခါ အရှက်ကွဲခြင်းရှိ၏။စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏“
လူ့ဘောင်အဖွဲ့အစည်းတွင် နှိမ့်ချခြင်းရှိသောသူကို လူအများနှစ်သက်သဘောကျကြပါ၏။ အထူးသဖြင့် နှိမ့်ချခြင်းရှိသောသူများသည် ဘုရားသခင်၏ ချီးမွမ်းမြောက်ခြင်းကို ခံရပါသည်။
ဒါဝိဒ်၏ ငယ်စဉ်ဘဝသည် တောထဲ၌သိုးကျောင်းရသော လူငယ်လေးဖြစ်ပါ၏။ ပရောဖတ်ကြီးရှမွေလ ဘိသိတ်ပေးရန်လာသောအခါ မိသားစုထဲတွင် ဦးစားပေးခံရသူတော့မဟုတ်ခဲ့ပါ။ သို့သော် ဘုရားသခင်သည်သူ အားရွေးချယ်၍ချီးမြောက်ခဲ့ပါသည်။ သာမာန်ရိုးရိုးလူငယ်လေးဖြစ်လင့်ကစား နှိမ့်ချစွာဖြင့် သိုးကျောင်းရသော လူငယ်လေးသည် ဘုရားသခင်၏ချီးမြောက်ခြင်းခံခဲ့ရပါသည်။ နှိမ့်ချခြင်းသည် နိပ်ကျခြင်းတော့မဟုတ်ပါ။ နှိမ်ချခြင်းသည် ရင့်ကျက်ခြင်း၏သွင်ပြင်လက္ခဏာတစ်ခုဖြစ်ပေသည်။ စာရေးသူသည် တစ်ခါက ခရစ်ယာန်စာပေရေးသားသော ဆရာကြီးတစ်ယောက်အိမ်သို့တရားဟောခွင့်ရခဲ့ပါသည်။ စာရေးသူတရားဟောသည့်အခါ သူသည်ဘောပင်တစ်ချောင်းဖြင့် လိုက်လံမှတ်သားနေသည်ကို သတိထားမိခဲ့ပါသည်။ အင်မတန်မှ နှိမ့်ချခြင်းရှိသောဆရာကြီးဟု စိတ်ထဲတွင် လေးစားခဲ့ရပါသည်။ ခရစ်ယာန်စာပေမြောက်များစွာရေးသားသူဖြစ်လင့်ကစား သူ၏နှိမ့်ချခြင်းရှိသောစိတ်သဘောက စာရေးသူအတွက်အတုယူစရာ ပုံသက်သေကောင်းဖြစ်စေခဲ့ပ့သည်။ ထို့ကြောင့် နှိမ့်ချခြင်းသာလျှင် ဘုရားသခင်နှစ်သက်သောအရာဖြစ်သောကြောင့် နှိမ့်ချခြင်းအားဖြင့် လောကကြီးကို အလှဆင်၍ ဘုရားဘုန်းတော်ထင်ရှားစေကြရအောင်။
ဖလားဆဲ