အရှုံးမှပြန်လည်ရုန်းထပါ

Share

အရှုံးထဲမှပြန်ရုန်းထပါ
6.3.2022(Sunday)

ဟေဗြဲ ၁၂:၁“မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊အားမလျော့ဘဲ ပြေးကြကုန်အံ့”

       အရှုံးဟူသောစကားလုံးလေးသည်ကျွန်တော်တို့နှင့်ရင်းနှီးကျွမ်းဝင်ဖူးသောအရာဖြစ်ပါ၏။ အစဉ်အမြဲအောင်နိုင်သူရယ်လို့ မရှိပေ။ တစ်ခါတစ်ရံအရှုံးမှပြန်လည် ရုန်းထရသောအချိန်လည်းရှိပါ၏။
ငယ်ငယ်ကတည်းက အရှုံးနှင့်ကြုံလာခဲ့ရသောသူတစ်ယောက်အကြောင်းအားဖြင့် ခွန်အားပေးလိုပါသည်။ သူအမည်ကတော့ Nick Vujicicဟူ၍ခေါ်ပါသည်။ အတိုကောက်ဟူ၍ နစ်ဟုခေါ်ကြပါသည်။ သူသည် မွေးဖွားလာကတည်းကခြေလက်မပါဘဲ မွေးဖွားလာခဲ့ရသူပါ။ သူမွေးဖွားလာချိန် သူအဖေသည် သွားရောက်ချီပွေ့သောအခါ ခြေလက်မပါလာသည်ကိုသိရှိပြီး‌ နောက်သတိလစ်မတတ်ဖြစ်သွားခဲ့ရပါသည်။ ၃-၄လကြာသောအခါ သူ၏မိဘများသည် သူ့အားငုံထားမတတ်ချစ်ကြပါသည်။ နစ်တစ်ယောက်ကျောင်းတတ်ရမည့်အရွယ်ရောက်သောအခါသူ၏မိခင်သည် သူ့အားမသန်စွမ်းကျောင်း၌ထားဘဲ ရိုးရိုးကျောင်းတွင်ပင်ထားပါသည်။ နစ်သည် ခွဲခြားဆက်ဆံမှုများစွာ ကြုံတွေ့ရသော်လည်း ဘဝကို အရှုံးမပေးဘဲ သူလုပ်နိုင်သည့်အရာများကို အကောင်းဆုံးလုပ်ဆောင်ခဲ့ပါသည်။ သူ၏ခြေတိုလေး၌ပါလာသော ခြေချောင်းနှစ်ချောင်းဖြင့် စာရေးခြင်း၊ ကွန်ပြုတာသုံးခြင်း၊ရေကူးခြင်း၊စကိတ်စီးခြင်းများကို လုပ်ဆောင်နိုင်ခဲ့ပါသည်။ တစ်နေ့ဘုရားကျောင်းတွင် သင်းအုပ်ဆရာက သူအားအသင်းသားများကို အားပေးစကားပြောခိုင်းပါသည်။ သူ၏အားပေးစကားကြောင့် စိတ်ဓါတ်ကျသူများလည်း ခွန်အားယူစရာဖြစ်လာခဲ့ပါသည်။ ယခုတော့နစ်သည် နိုင်ငံပေါင်း(၆၀)၌ဟောပြောအားပေးခဲ့ပြီးဖြစ်သည်။ ဘဝဆိုတာ အရှုံးမပေးသ၍ ဘယ်တော့မှရှုံးနိမ့်သူမဟုတ်ပေ။ နစ်၏ အရှုံးမပေးသောစိတ်ဓါတ်ကို အတုယူပြီး ယုံကြည်သူလူငယ်မောင်မယ်များအနေဖြင့် အား မလျှော့စိတ်မပျက်ဘဲ ပန်းတုံးတိုင်သို့အရောက်ပြေးကြကုန်အံ့။
ဖလားဆဲ