အဖိုးအခ
27.2.2022(Sunday)
သုတ္တံကျမ်း ၂၂:၂၉“ဆောင်ရွက်စရာအမှုကို ကြိုးစား၍ ပြီးစီးစေတတ်သောသူရှိသလော။ထိုသူသည် သာမညအမှုလူ၏အမှုကိုမဆောင်ရွက်၊ရှင်ဘုရင်၏အမှုတော်ကို ဆောင်ရွက်ရ၏”
အောင်မြင်မှုသည် လူသားတိုင်းလိုချင်တောင့်တသောအရာတစ်ခုဖြစ်သည်။သို့သော်အောင်မြင်မှု၏နောက်ကွယ်တွင် ပေးဆပ်မှုသည်ရှိပါသည်။ ပေးဆပ်မှုမရှိဘဲရရှိသောအောင်မြင်မှုသည် ရေရှည်တည်တံ့ခိုင်မြဲမည်မဟုတ်ပေ။
မြန်မာနိုင်ငံတွင် ကိုယ်ကျိုးစွန့်သောအမေရိကန်လူမျိုး ဆရာကြီးယုဒဿန်၏အကြောင်းကိုအနည်းငယ်ဖော်ပြလိုပါ၏။ မြန်မာနိုင်ငံတွင် စတင်အမှုတော်ဆောင်ရာတွင် ခြောက်နှစ်ကြာမှ တစ်ယောက်စတင်ပြောင်းလဲလာပါသည်။ ထိုသူမှာ ဦးနောဖြစ်ပါ၏။ ဦးနောစတင်နှစ်ခြင်းခံပြီး၍ ပွဲတော်မင်္ဂလာဝင်သည့်နေ့သည် သူ၏ဘဝတွင်အပျော်ဆုံးနေ့ဟု ဆိုပါသည်။ အဖိုးအခတည်းဟူသော ပေးဆပ်ခြင်းအားဖြင့် အောင်မြင်မှုအသီးအပွင့်ကို တွေ့မြင်လာရပါသည်။ ဆရာကြီးယုဒဿန်၏သားက“သင်ဟာ ဘာမှအဖိုးအခမပေးဘဲကြီးမားတဲ့အောင်မြင်မှုရနေတယ်ဆိုရင် သင့်ရှေ့ကလူတွေရဲ့ အဖိုးအခပေးခြင်းကြောင့်ဖြစ်တယ်။သင်ဟာ အဖိုးအခအများကြီးပေးပေမဲ့ ကြီးမားတဲ့အောင်မြင်မှုမရရှိခဲ့ဘူးဆိုရင် သင့်နောက်ကလူတွေ အောင်မြင်စေဖို့ဖြစ်တယ်”လို့ဆိုပါတယ်။ အင်္ဂလိပ်စာကြောင်းလေးတစ်ခုက“No Pain, No Gain. No Cross,No Crown.No Suffering,No Sacrifice.No Sacrifice, No Success”ဟူ၍ဆိုထားပါသည်။ မိမိရှိသည့် နေရာတွင်တွင် အဖိုးအခတည်းဟူသောပေးဆပ်ခြင်းအားဖြင့်၊လျှောက်လှမ်းကြရအောင်ဟု နှိုးဆော်ပါရစေ။
ဖလားဆဲ