သက်သာခြင်းအခွင့်
26.2.2022(Saturday)
၂ကော ၁:၄“ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်၊ ကိုယ်တိုင်သက်သာခြင်းရှိသကဲ့သို့၊ဆင်းရဲခြင်းအမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း၊ဆင်းရဲခြင်းအမျိုးမျိုးတို့၌ဘုရားသခင်သည် ငါတို့အားသက်သာစေတော်မူ၏”
ရှင်သန်လျှောက်လှမ်းရသောဘဝခရီးတွင် တခါတရံဒုက္ခဆင်းရဲခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့ရကြပါသည်။ ထို့ကြောင့် အခက်ခဲဒုက္ခများမှလွတ်မြောက်ရန် ဆုတောင်းကြရပါသည်။
တခါတလေတော့လည်း ဘုရားသခင်သည်အခက်ခဲများကိုချက်ခြင်းဖယ်ရှားပေးသလို၊တစ်ခါတလေတော့လည်း ဘုရားသခင်သည် အခက်ခဲများကို ဖယ်ရှားပေးမည့်အစားခံနိုင်ရည်ခွန်အားကို ပေးသောအချိန်များလည်းရှိတတ်ပါသည်။ သမ္မာကျမ်းစာထဲမှ ယောသပ်နှင့်ယောဘတို့၏ဘဝဖြတ်သန်းမှုတွင် မထင်မှတ်ထားသောဘဝလှိုင်းတပိုးများနှင့်ရင်ဆိုင်ကြရပါသည်။ယောသပ်သည် ငယ်စဉ်အခါ အကိုများ၏ရောင်းစားခြင်းခံသလို ယောဘသည်လည်း မိသားစုဝင်များဆုံးရှုံးခြင်းကို ကြုံကြရပါသည်။ သို့သော်ဘုရားသခင်သည် သူတို့ရင်ဆိုင်ရသောလောကဓံများကို တခနအတွင်းပြေလည်မသွားစေဘဲ တဖြည်းဖြည်းသွန်သင်လမ်းပြပေးခဲ့ပါသည်။ နောက်ဆုံးမှာတော့ဘုရားသခင်၏ချီးမြောက်ခြင်းနှင့်အတူ သက်သာခြင်းအခွင့်ကို ရရှိခဲ့ကြပါသည်။ တစ်ခါက မာသာထရီဇာကို ဆရာဝန်များက သူ၏ကျန်းမာရေးအခြေအနေကြောင့် သက်သောင့်သက်သာနေဖို့ရန် တိုက်တွန်းခဲ့သော်လည်းသူမသည်လက်မခံခဲ့ပါ။သူမက“ကောင်းကင်နိုင်ငံရောက်ရင် ထာဝရကာလအထိသက်သောင့်သက်သာနေရမှာ”ဟုပြောခဲ့ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ လမ်းပြခြင်း၊ပဲ့ပြင်ခြင်းကို ဝန်ခံပြီး ဒုက္ခကျောက်ဆောင်များနှင့်ရင်ဆိုင်ရသောအခါ အဆုံး၌ သက်သာခြင်းအခွင့်ကိုပေးမည်ဟူသော ဘုရားသခင်၏ဂတိတော်ကို ဆုပ်ကိုင်ထားကြဖို့ပါ။
ဖလားဆဲ