ခရီးအဆုံးထိတိုင်
15.2.2022(Tuesday)
ဆာလံကျမ်း ၁၁၉:၃၃“အိုထာဝရဘုရား၊အထုံးအဖွဲ့တော်လမ်းကိုအကျွန်ုပ်အား သွန်သင်ပေးတော်မူပါ။အဆုံးတိုင်အောင်လိုက်သွားပါမည်”
ခရီးတစ်ခုအစပြုသည့်အခါဝယ် နောက်ဆုံးမှတ်တိုင်သည်ရှိစမြဲပင်ဖြစ်ပါသည်။ ကျွန်တော်သည် ရခိုင်ပြည်၊စစ်တွေမြို့တွင်အမှုတော်မြတ်(၃)နှစ် သွားရောက်ဆပ်ကပ်ခဲ့စဥ်က ရန်ကုန်-စစ်တွေ ကားလမ်းခရီးကို(၄)ကြိမ်ထက်မနည်းသွားခဲ့ဖူးပါသည်။ ရန်ကုန်-စစ်တွေကားလမ်းခရီးက သိပ်တော့မလွယ်ကူလှပေ။ ပဲခူးရိုးမတောင်တန်းကြီးကိုဖြတ်ကျော်သည့်အခါတွင် ခေါင်းမှူးသည့်ဒဏ်မခံနိုင်သောသူများအတွက် ဖြတ်ကျော်နိုင်ဖို့ရန်မှာ ခက်ခဲလှပါသည်။ တစ်ခါက ကျွန်တော်သည် ရန်ကုန်-စစ်တွေအပြန်ခရီးတွင် မင်းပြားမြို့သို့ဖြတ်ကျော်လာသောအခါ ခေါင်းထိုးကိုက်လာပါတော့သည်။ ကားစီးသည့်အခါ ခေါင်းကိုက်ပါက အင်မတန်မှ ခံရခက်လှပါသည်။ သို့သော် နောက်ဆုံးတွင် ခေါင်းကိုက်သော်ငြားလည်း စစ်တွေမြို့သို့ရောက်လာနိုင်ခဲ့ပါသည်။ ကျေးဇူး တော်ကြောင့်သာဖြစ်ပါ၏။ ကားမောင်းဆရာ၏တာဝန်ကတော့ လိုရာခရီးကို ဘေးမသိရန်မခဘဲ အဆုံးထိပို့ဆောင်ပေးရန်ဖြစ်သည်။ ခရီးသည်များကတော့ မည်မျှပင်ခက်ခဲလမ်းကြမ်းဖြစ်စေကာမူ၊ အဆုံးထိတိုင် စီးပြီးလိုက်ရုံပင်ဖြစ်ပါသည်။
ထိုနည်းတူစွာပင် ကျွန်တော်တို့၏ဘဝအသက်တာခရီးတွင် တစ်ခါတရံ မခံမရပ်နိုင်သော လောကဓံ၏ထုထောင်းမှုများကို ရင်ဆိုင်ရနိုင်ပါသည်။ သို့သော် ထိုလောကဓံဒုက္ခများထဲ၌ ဘုရားသခင်သည် ကျွန်ပ်တို့နှင့်အတူရှိနေပါသည်။ အဆုံးတိုင်အောင်ဘုရားရှင်သည် ကျွန်တော်တို့ကိုပို့ဆောင်ပေးမည်ဖြစ်သည်။ ဘုရားရှင်၏ လမ်းပြခြင်း၊ပို့ဆောင်ခြင်းများအားဖြင့်သာ ခရီးအဆုံးထိတိုင်အောင်လျှောက်လှမ်းနိုင်မည်ဖြစ်သည်။
ဖလားဆဲ