ကြိုးစားအားထုတ်လော့

Share

ကြိုးစားအားထုတ်လော့

6.2.2022(Sunday)

၁တိ ၄:၁၅“သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၊ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့”

လူအများကြားဖူးသော စကားစုလေးတစ်ခုကို ဖော်ပြလိုပါသည်။ ထိုစကားစုလေးကတော့ “No pain, No gain”ဖြစ်သည်။ ဘယ်အမှုအရာမဆို အနာမခံဘဲ အသာစံရမည်‌တော့မဟုတ်ပေ။

အောင်မြင်မှုတိုင်း၏ အုတ်မြစ်သည် ပေးဆပ်ခြင်းမှ လာပါသည်။ ကျွန်တော်သည် ၄.၂.၂၀၂၂နေ့ ညနေပိုင်း(၇)နာရီလောက်တွင် အထက်မြန်မာပြည် ကရင်နှစ်ခြင်း အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော “လူငယ်နှင့်လေ့ကျင့်ရေး”ဟုခေါ်သော Special Talk Zoom Worship Program ကို တတ်ရောက်ခဲ့ပါသည်။ ကရင်လူမျိုးကာတွန်းဆရာအက်စ်လယ်မှူးမှ ဦးဆောင်ပြီးလူငယ်နှင့်ကလေးငယ်များအားဝေငှပါသည်။ သူ၏ အတွေ့အကြုံများနှင့်ယှဉ်ကာ ပြောပြပြီး၊ ကာတွန်းအခြေခံဆွဲနည်းများကိုလည်းကိုယ်တိုင်ဆွဲပြခဲ့ပါသည်။ ကျွန်တော်သည် သူဆွဲသွားသော ပုံလေးများကို ကြည့်ရင်း အံ့ဩမှင်သက်ခဲ့ရပါသည်။ ကာတွန်းပုံကို လက်ရာမြောက်အောင် ရေးဆွဲနိုင်ရန်မှာ လူတိုင်းလုပ်နိုင်သော အရာမဟုတ်ပေ။ ဤအရာသည် ဘုရားပေးသော ဆုကျေးဇူးပင်ဖြစ်ပါသည်။ သူက လူငယ်များနှင့် ကလေးများအား မိမိ၏ဆုကျေးဇူးကို သိရှိပြီး မပျင်းဖို့ရန်၊ ကြိုးစားအားထုတ်ကြဖို့ရန် တိုက်တွန်းကာ အားပေးစကားပြောပါသည်။ မှန်ကန်သောကြိုးစားအားထုတ်ခြင်းသည် ဘယ်အခါမျှအကျိုးယုတ်စေမည်မဟုတ်ပေ။ ထို့ကြောင့် မိမိ၏ဆုကျေးဇူးကို သိရှိပြီး မြေထဲမြုပ်နှံထားသူကဲ့သို့မဟုတ်ဘဲ သာ၍ ကြိုးစားအားထုတ်ကြရအောင်။

ဖလားဆဲ