ငြိမ်သက်ခြင်းအရှင်
14.12.2021(Tuesday))
ဟေရှယ ၉:၆“အကြောင်းမူကား၊ ငါတို့အဘို့သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုပေးသနားတော်မူ၏။ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား၊ အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ထာဝရအဘ၊ ငြိမ်သက်ခြင်း အရှင်ဟုခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်”
ယနေ့ကျွန်တော်တို့မှီတင်းနေထိုင်သောကမ္ဘာကြီးသည်ထိတ်လန့်စရာ၊ကြောက်ရွံ့စရာများ၊ ကပ်ရောဂါဆိုးများဖြင့် ဝန်းရံလို့နေပါသည်။ ဤကဲ့သို့အကျပ်အတည်းကြားတွင် စိတ်နှလုံးထဲ၌ ငြိမ်သက်ခြင်းမရှိပါက စိုးရိမ်ပူပန်မှုများပြည့်နှက်လို့နေမည်ဖြစ်သည်။ စိတ်နှလုံးငြိမ်သက်ခြင်းရှိမှ ကျော်လွှားနိုင်မည်ဖြစ်သည်။ ပရောဖတ်ကြီးဟေရှယက ယေရှုခရစ်တော်ကို ငြိမ်သက်ခြင်းအရှင်(Prince of Peace)ဟု ဖော်ပြထားပါသည်။ ဟေဗြဲလိုကတော့ငြိမ်သက်ခြင်းကို(Shalom)ဟု၍လည်းကောင်း၊ ဂရိလိုကတော့ Eireneဖြစ်ပြီး၊ အင်္ဂလိပ်လိုကတော့ Peaceဖြစ်ပါသည်။ လူသားတိုင်းလိုချင်တောင့်တဆုံးအရာမှာ စိတ်နှလုံးငြိမ်သက်ခြင်းဖြစ်ပါသည်။ ရှင်လုကာအခန်းကြီးနှစ်ထဲတွင် ကောင်းကင်တမန်များက“ကောင်းကင်ဘဝဂ်ဝယ်ဘုရားသခင်သည်ဘုန်းကြီးစေသတည်း၊ မြေကြီးပေါ်၌လည်းငြိမ်သက်ခြင်းရှိစေသတည်း”ဟု ချီးမွမ်းကြပါသည်။ ယေရှုခရစ်တော်မွေးဖွားလာခြင်းသည် လူသားတိုင်းအတွက် ငြိမ်သက်ခြင်း၊ဝမ်းမြောက်ခြင်းရှိစေဖို့ရန်ဖြစ်သည်။ အခြေအနေပေါ်တွင်မရပ်တည်ဘဲ နှုတ်ကပတ်တော်သမ္မာတရားထဲမှ ဂတိတော်များကို ဆုပ်ကိုင်ထားမှသာ ငြိမ်သက်ခြင်းရှိမည်ဖြစ်သည်။ငြိမ်သက်ရှင်ခရစ်တော်အတူလျှောက်လှမ်းခြင်းဖြင့်စိတ်နှလုံး၏ငြိမ်သက်ခြင်းကို ရရှိမည်ဖြစ်သည်။ ခရစ်စ္စမက်၏ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းရရှိကြပါစေ။
ဖလားဆဲ