ပြန်လည်သင့်မြတ်ကြစို့

Share

ပြန်လည်သင့်မြတ်ကြစို့

9.12.2021(Thursday)

ကောလောသဲ ၃:၁၃“တယောက်၌တယောက်အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ခရစ်တော်သည် သင်တို့အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့”

မကြာမှီပင် နှစ်ဟောင်းကုန်၍ နှစ်သစ်ဆီသို့ကူးမြောက်တော့မည်ဖြစ်သည်။ နှုတ်ကပတ်တော်သမ္မာကျမ်းစာကတော့ဖော်ပြထားသည်မှာ အချင်းချင်းသင့်မြတ်စွာ အသက်ရှင်နေထိုင်ဖို့ပြောထားပါသည်။ နှစ်ဟောင်းထဲမှ ချည်နှောင်ခြင်း၊ ခွင့်မလွှတ်နိုင်ခြင်းများကို မဖြေလွှတ်နိုင်ပါက နှစ်သစ်အထိသယ်ဆောင်သွားရမည်ဖြစ်သည်။

တစ်ခါက မညိုဟုခေါ်သောအမျိုးသမီးတစ်ယောက်ရှိပါ၏။သူမသည် ခင်မင်ရသောသူငယ်ချင်းတစ်‌‌ယောက်နှင့်အတူ စီးပွားဖက်ကုန်ရောင်းကုန်ဝယ်လုပ်ပါသည်။ တနေ့မှာတော့ သူမ၏သူငယ်ချင်းသည် သူမအားငွေလိမ်သွားပါတော့သည်။ ဒုက္ခအကြီးအကျယ်ရောက်၍၊ ကုန်ရောင်းကုန်ဝယ်အလုပ်လည်းဆုံးရှုံးသွားခဲ့ရပါသည်။ သူမ၏သူငယ်ချင်းကိုပြန်တွေ့ပါက ရန်တွေ့မည်ဟုစိတ်ထဲချည်နှောင်ထားပါသည်။ နေ့နေ့ညညမုန်းတီးစိတ်ကြောင့် အစားအသောက်ပျက်ကာ လူလည်းပိန်ချုံးသွားပါ‌တော့သည်။ ထို့နောက် ဘုရားသခင်ထံခွန်အားတောင်းခံပြီး ခွင့်လွှတ်နိုင်ဖို့ရန်ဆုတောင်း‌သောအခါ လွှတ်မြောက်ခြင်းရရှိခဲ့ပါသည်။သူမအလုပ်အကိုင်များလည်း ပြန်လည်အဆင်ပြေလာခဲ့ပါသည်။ မမျှော်လင့်သောနေ့တနေ့တွင် သူမ၏သူငယ်ချင်းနှင့် လမ်းတစ်ခုတွင်ဆုံသော အခါတွင် သူမအားမျက်နှာချင်းမဆိုင်ရဲသောသူငယ်ချင်းအား ခွင့်လွှတ်ကြောင်းပြောနိုင်ခဲ့ပါသည်။ ခွင့်လွှတ်ခြင်း၏ ပုံသက်သေတစ်ခုဖြစ်ခဲ့ပါသည်။ ထိုကြောင့် နှစ်သစ်ကို ကျော်ဖြတ်နိုင်ဖို့ရန်အချင်းချင်းခွင့်လွှတ်၍ ပြန်လည်သင့်မြတ်ကြပါစို့ဟုအားပေးလိုပါသည်။

ဖလားဆဲ