ကျေးဇူးတော်များကိုရေတွက်ပါ
29.11.2021(Monday)
၁သက် ၅:၁၈“အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ဘုရားသခင်အလိုတော်ရှိ၏”
ဘုရားသခင်၏ကျေးဇူးတော်များသည် ကျွန်တော်တို့၏ဘဝအသက်တာတွင် ချီးမွမ်းလို့မကုန်နိုင်ပေ။ နေ့ရက်တိုင်း၊နေထိုင်၊ စားသောက်ရသည့်အခွင့်၊ လေကိုရှုရှိုက်ရသည့်အခွင့်ကို ပေးတော်မူသောဘုရားသခင်၏ဂရုဏာတော်အံ့ဩဘွယ်ပင်ဖြစ်ပေသည်။
ကျွန်တော်၏အသက်တာထဲတွင်လည်း ချီးမွမ်းစရာအများကြီးရှိတဲ့အထဲမှ တစ်ခုကို သက်သေခံလိုပါ၏။ ကျွန်တော်ဤကဲ့သို့သမ္မာကျမ်းစာအခြေပြုဆောင်းပါးတိုများရေးသားလာသည်မှာ မကြာခင်(၆)လ ပြည့်တော့မည်ဖြစ်သည်။ အရမ်းလည်းမသိ၊ အရမ်းမတတ်၊ အရမ်းစာတွေရေးနိုင်လို့လည်းမဟုတ်ပါ။ ဘုရားသခင်၏ပို့ဆောင်ပေးခြင်းကျေးဇူးတော်ကြောင့်သာ ဖြစ်ပါသည်။ အရင်က ခရစ်ယာန်စာပေနှင့်ဆိုင်သော Magazine များတွင် (ဖလားဆဲ)ဟူသော ကလောင်အမည်ဖြင့် ရံဖန်ရံခါရေးပါသည်။ အခြေအနေအမျိုးမျိုးကြောင့် ခရစ်ယာန်Magazine များလည်း ရပ်တန့်သွားခဲ့ရပါသည်။ ထို့ကြောင့် ခရစ်ယာန်စာပေအားဖြင့် တထောင့်တနေရာကနေ ပါဝင်ခွင့်ရရန်ဘုရားသခင်ထံဆုတောင်းခဲ့ပါသည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် စာပေအားဖြင့် ယခုလို ဆိုရှယ်မီဒီယာတွင်ပါဝင်ဆက်ကပ်ခွင့်ရရှိခဲ့ပါသည်။ စာပေများရေးသားစဉ်(၆)လအတွင်း ဘုရားသခင်ပြင်ဆင်ပေးသောကောင်းချီးမင်္ဂလာများခံစားခဲ့ရပါသည်။ ကျွန်တော်လိုအပ်သောအရာများကို ဘုရားသခင်သည် အချိန်ကိုက်ပြင်ဆင်ပေးခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်တို့၏ ဘဝအသက်တာတွင် ဘုရားသခင်အတွက် သစွာရှိစွာလုပ်ဆောင်မည်ဆိုပါက ဘုရားသခင်သည် ဘယ်တော့မှပစ်မထားပါ။ အစဉ်အမြဲ ကွယ်ကာ၊ လမ်းပြ၊ ကောင်းချီးပေးမည်ဖြစ်သည်။ ရေတွက်မကုန်နိုင်သော ဘုရားသခင်၏ကျေးဇူးတော်များကို အစဉ်အမြဲချီးမွမ်းသောသူများဖြစ်ကြပါစို့ဟု အားပေးလိုပါသည်။
ဖလားဆဲ