မဿဲ ၂၂:၃၉ (က)” ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှ ချစ်လော့”
လောကတွင်အစားထိုးလို့မရတဲ့အရာ နှစ်ခုရှိသည်ဟု လူအများက ဆိုကြပါ သည်။ ထိုအရာကတော့ အချိန်နှင့်မိဘဟု ဆိုကြပါသည်။ မိဘသည်လည်း အစားထိုးဖို့ မလွယ်သလို အချိန်သည်လည်း အစားထိုးလို့မရနိုင်ပါ။ အချိန်ဟုဆို သည့်အခါတွင် လူသက်တမ်းသည် နှစ် ခုနှစ်ဆယ် ဟု ပျမ်းမျှသတ်မှတ်ထားကြပါသည်။ လူ့ဘဝတွင်အသက်ရှင်ရသော အချိန်ကာလ သည် အင်မတန်မှ တိုတောင်းလွန်းလှပါသည်။ တစ်နှစ်တွင် ရက်ပေါင်း (၃၆၅)ရက်ရှိပါသည်။ နှစ်ခုနှစ်ဆယ် အသက်ရှင်ရလျှင် ရက်ပေါင်း (၂၅၅၅၀) ခန့်သာအသက်ရှင်ရမည်ဖြစ်သည်။ တိုတောင်းလှသော ဘဝရီးတွင် အချိန်ကို အကျိုးရှိစွာ အသုံးချပြီး အသက်ရှင်မှသာ လူဖြစ်ရကျိုး နပ်မည်ဖြစ်သည်။သခင်ယေရှူပေးခဲ့သော ပညတ်နှစ်ခုသာရှိပါသည်။ ပထမတစ်ခုက ထာဝရ ဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ချစ်ဖို့ရန်နှင့် ဒုတိယတစ်ခုကတော့ ကိုယ်နှင့်စပ်ဆိုင်သော သူကို ကိုယ်နှင့် အမျှ ချစ်ဖို့ရန် ဖြစ်သည်။ ကျွန်တော်တို့၏ဘဝအသက်တာထဲတွင် ဘုရားသခင်အား ချစ်ဖို့လိုသလို သူတစ်ပါးအား ချစ်ဖို့ရန် အချိန်ပေးဖို့ရန်လည်း လိုအပ်ပါသည်။ ဆင်းရဲသူဖြစ်စေ ချမ်းသာသူဖြစ်စေ တစ်ရက်လျှင် (၂၄) နာရီသာအချိန်ရရှိကြပါသည်။ အချို့ကတော့ မိမိအချိန်ကို မိမိကိုယ်ကျိုး အတွက်ပဲ အသုံးပြုသလို အချို့ကတော့ သူတစ်ပါးအကျိုးအတွက် ပေးဆပ်သူများ လည်းရှိ ကြပါသည်။ အကန့်အသတ် ဖြင့် အသက်ရှင်ရသောဘဝ တစ်ခုတွင် အများအကျိုး အတွက် ပေးဆပ်အသက်ရှင်သူများသာ အမည်ကျန်ခဲ့ကြပါသည်။ အိန္ဒိယနိုင်ငံရှိ ပြည်သူ ပြည်သားများသည် Mother Teresa၏ အကြောင်း ကို ယနေ့ထိတိုင်အောင် တသသ ပြောနေကြဆဲဖြစ်ပါသည်။ သူမ ဘဝ၏ အဖြစ်အပျက် လေးတစ်ခု ကို ဖော်ပြလိုပါသည်။ တစ်နေ့တွင် သူမဆီသို့ နေထိုင်မကောင်း၍ ကျန်းမာရေးဆိုးဝါးသော ဆင်းရဲ နွမ်းပါးသူ တစ်ဦးသည် ဆေးဖိုးဝါးခ ကူညီရန် အကူအညီ လာတောင်းပါသည်။ ထို့သို လာတောင်းသော အခါတွင် သူမ ထံတွင် ဆေးဝယ်စရာ ပိုက်ဆံလုံးဝမရှိ သောအချိန်ဖြစ်ပါသည်။ သို့သော် သူမသည် ကြံရာမရအဆုံး အရဲစွန့်၍ ဆေးဆိုင်သို့ သွားပြီး ဆေးများကိုမှာပြီးနောက်တွင် ဆေးဖိုး မပေးနိုင်သောကြောင့် ရှိသမျှအားဖြင့် အသကုန်ပြေးကာ လူနာ ဆီသို့ အရောက် ပြန်လာခဲ့ ရပါသည်။ ထို့အဖြစ်အပျက်ကို တွေ့ရှိသော သူတစ်ဦးက အကျိုးအကြောင်းကိုသိရှိပြီးနောက်တွင် ဆေးဖိုး ဝါးခများကို စိုက်ပေးခဲ့ရပါသည်။ ဤအဖြစ် အပျက်ကိုကြည့်ခြင်းအားဖြင့် Mother Teresa ၏ သူတစ်ပါးအပေါ် ချစ်ခြင်း မေတ္တာ ကြီးမားပုံကို မြင်တွေ့ရမည်ဖြစ်သည်။သူမသည် အိန္ဒိယနိုင်ငံ၌ ရှိသော ဆင်းရဲနွမ်းပါးသူ အငယ်ဆုံး သော သူများ အတွက် အချိန်ပြည့် ပေးဆပ်အသက်ရှင်ခဲ့ပါ သည်။ ထိုကြောင့်လည်း သူမ၏ လုပ်ဆောင်မှု များကို ယနေ့ထိတိုင်အောင် လူအများ လေးစား တန်ဖိုး ထားကြပါသည်။
ထို့အတူပဲ ကျွန်တော်တို့၏ ပတ်ဝန်းကျင်တွင် ကျွန်တော်တို့၏ မေတ္တာကို လိုအပ်နေသော သူများရှိကြပါသည်။ ချစ်ခြင်းမေတ္တာကို အချိန်ပေးခြင်းဖြင့်သာ ဖော်ပြရပါမည်။ ကျွန်တော်တို့၏ အချိန်ကိုမပေးပါက ကျွန်တော်တို့၏ ဘဝသည် အနှစ်သာရရှိတော့မည်မဟုတ်ပေ။ ဒါကြောင့် နေ့ရက်စဉ်တိုင်း ချစ်ခြင်းမေတ္တာ၌အရင်းတည်ပြီး သူတစ်ပါးအားအချိန်ပေးခြင်းဖြင့် အသက်ရှင် ကြပါစို့။