(၉)လျှာကိုထိန်းချုပ်ပါ

Share

ယာကုပ် ၃:၈-၁၀ လျှာကိုကား အဘယ်သူမျှ မအောင်နိုင် မဆုံးမနိုင်သော အဆိုး အညစ်ဖြစ်၏။သေ‌စေတတ်သော အဆိပ်အတောက်နှင့် ပြည့်စုံ၏။ ငါတို့သည် လျှာဖြင့် ခမည်းတော်ဘုရားကို ကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ပုံသဏ္ဍန်နှင့် အညီ ဖန်ဆင်းသော လူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်ကြ၏

လျှာနှင့် ပတ်သတ်သောသတိပေးချက်များကို ရှင်ယာကုပ်ဩဝါဒစာ အခန်းကြီး သုံးတွင် မြောက်များစွာဖော်ပြထားပါသည်။‌ကျွန်တော်တို့၏ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးတွင် ကျွန်တော် တို့ကို ဒုက္ခအပေးဆုံးအပိုင်းများထဲတွင် လျှာသည် ပထမဆုံးဖြစ်ပါသည်။ ထိန်းချုပ် ပေမဲ့လည်း လျှာမှလွတ်ကနဲ ထွက်လာသော မကောင်းသောစကားများသည် တားဆီးလို့ မရ နိုင်ပါ။ “စကားကျွံ လျှင် နုတ်မရ” ဆိုရိုးစကားလိုဖြစ်သည်။ ငှက်မွှေးကို ခေါင်းအုံးထဲပြန်ထည့်ရန် မလွယ် သလို သွားတိုက်ဆေးကိုလည်း သူ့ဘူးထဲပြန်ထည့်ရန်ခက်လှပါသည်။ ထို့အတူပဲ လျှာလည်း ထိုနည်း လည်းကောင်းပင်ဖြစ်သည်။ ဒေါသထွက်ခြင်းကို နူးညံ့သိမ်မွေ့စွာ ပြန်‌‌ဖြေခြင်း ထက် ပေါက်ကွဲပြီး ဝုန်းဒိုင်းကြဲခြင်းက ပို၍လွယ်ကူပါသည်။ မိမိစကားကြောင့် တစ်ပါးသူအား ခွန်အားဖြစ်စေနိုင်သလို မိမိစကားကြောင့် တစ်ပါးသူအားစိတ်အနာတရဖြစ်စေနိုင်ပါသည်။ စာရေးသူ၏ ဘဝအသက်တာ ထဲတွင်လည်း လူတစ်ယောက်ကိုဒေါသအင်မတန်ထွက်ချိန်တွင် စကားလုံးအမှားများဖြင့် ပြောဆို ခဲ့ဖူး ပါသည်။ ဒေါသထွက်ချိန်မို့ ထိန်းချုပ်နိုင်ဖို့ရန် သတိလွတ် သွားခဲ့ပါသည်။ ဒေါသကို ရှေ့တန်း တင်ပါက ဘယ်အရာမှ ကောင်းကျိုးမဖြစ်စေပါ။ မှန်ကန်သော အချိန်တွင် မှန်ကန်သော နည်းလမ်း ဖြင့် မှန်ကန်သောအရာကိုပြောတတ်ခြင်းသည် ရင့်ကျက်မှု၏ လက္ခဏာဖြစ်သည်ဟု သမ္မာကျမ်း စာက ဖော်ပြ ထားပါသည်။ သုတ္တံကျမ်း ၁၂:၁၈ မှာကတော့ “ သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြော တတ်သော လူတစ်ချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာ ကိုပင်ပျောက် စေတတ်၏” ဟုဖော်ပြ ထားပါသည်။မှားယွင်းသော စကားများသည်သန်လျက် နဲ့ ထိုး သကဲ့သို သူတစ်ပါးရင်ကို စိုက်ဝင် နိုင်စွမ်းရှိပါသည်။ သို့သော်ပညာ သတိနှင့် ပြည့်စုံသော စကားသည် စိတ်နာကျင်မှု အနာကိုပင် ပျောက်စေနိုင်ပါသည်။ ကျွန်တော်တို့ အယောက်စီတိုင်းသည် နေ့ရက်တိုင်း စကားအားဖြင့် သူတစ်ပါးအပေါ် သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပြောမှားဆိုမှား ရှိနိုင်ပါသည်။ ထို့ကြောင့် စကားကောင်းပြောနိုင်ဖို့ရန်နှင် မိမိလျှာကို ထိန်းချုပ်နိုင်ဖို့ရန် နေ့စဉ်ဆုတောင်းခြင်းအားဖြင့် ကြိုးစား အားထုတ်ရမည်ဖြစ်သည်။ သခင်ယေရှူ၏ နှုတ်မှ အဖိုးထိုက်သောစကားများထွက်လာ၍ လူအများ အံ့ဩသကဲ့သို့ ကျွန်တော်တို့သည်လည်း ကောင်းမွန်သော စကားများပြောဆိုခြင်း၌ ကြိုးစား အားထုတ် ကြပါစို့။