ဖိလိပ္ပိ ၂:၃” ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သော စိတ်ရှိ၍ အဘယ်အမှုကိုမျှမပြုကြနှင့်”
လူ့ဘောင်အဖွဲ့အစည်းထဲ ရှင်သန်လျှောက်လှမ်းကြသည့်အခါတွင် အချင်းချင်း အသိ အမှတ်ပြုခြင်းသည် ကျင့်ဆောင်ရမည့်အရာတစ်ခုဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး အသိအမှတ် မပြုသောအသင်းအဖွဲ့တစ်ခုသည် အောင်မြင်ခြင်းပန်းတိုင်သို့ ရောက်ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏အမှုတော်မြတ်အတွက် ပေးဆပ်သူ၊ ဆက်ကပ်သူများကို အသိအမှတ် ပြုတော်မူပါသည်။ထို့အပြင် ထိုသူများကို ကြီးမားစွာအသုံးပြုတော်မူပါသည်။မာသာထရီဇာ၏ လူတစ်ယောက်အား အသိအမှတ်ပြုခြင်းအကြောင်းကို ဝေငှလိုပါ၏။ မာသာထရီဇာသည် နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြင့်ခံရသောညတွင် ကလကတ္တားတမြို့လုံးသည် ပျှော်ရွှင်ဝမ်း မြောက်၍ ထိုသတင်းကို တဦးနှင့်တဦး ဂုဏ်ယူလျက်ပြောဆိုကြပါသည်။ ကြီးမြတ်သော ဆုတစ်ဆုဖြစ်သောကြောင့် များစွာသောအဖွဲ့အစည်းများသည် မာသာထရီဆာအား ဂုဏ်ပြု ခြင်း အလှုငွေများပေးလှူကြပါသည်။ နိုင်ငံအသီးသီးမှခေါင်းဆောင်များ၏ ဂုဏ်ပြုခြင်းကို လည်းခံရပါသည်။ ညပိုင်းသို့ ရောက်သောအခါ မာသာထရီဆာ၏အိမ်သို့ လူနူ တစ်ယောက် သည် တံခါးလာခေါက်ပါသည်။ မာသာက တံခါးကိုဖွင့်လိုက်ပြီး”ဘာကိစွလဲ”ဟုမေးသောအခါ “မာသာဆုရတယ်ကြားလို့လာတာပါ”ဟုပြောသောအခါ မာသာက ခေါင်းညိတ်လိုက်ပါသည်။ မာသာက”ဘာအလိုရှိသလဲ၊ ဆာနေလား၊ ဝတ်စရာအဝတ်အစားလိုသလား”ဟုမေးသောအခါ လူနူက ခေါင်းခါပြီး”မာသာဆီက ဘာမှမလိုချင်ပါဘူ။ ကျွန်တော်လေ…သူများတွေမာသာကို ဆုချီးမြင့်သလိုဂုဏ်ပြုပြီး ဆုပေးချင်တာ”ဟု ကြေကွဲစွာပြောလိုက်ပါသည်။ ထို့နောက် သူက”မာသာတနေ့စောင့်ပေးပါ။ ကျွန်တော်တနေ့လုံးတောင်းရမ်းသမျှငွေကြေးအနည်းငယ်နဲ့ ဂုဏ်ပြုပါမယ်”ဟုပြောပြီးထွက်သွားပါသည်။ နောက်နေ့တွင် တနေ့လုံးတောင်းရမ်း သမျှ ငွေကြေးများကို အသုံးမပြုဘဲ မာသာထရီဇာအား ဂုဏ်ပြုလျက် ဆုငွေပေးပါသည်။ မာသာ ထရီဇာ သည်လည်း ထိုလူနူ၏ ဂုဏ်ပြုငွေကို လက်ခံပြီး အသိအမှတ်အပြုပေးခဲ့ပါသည်။ ထို့အတူပဲ ကျွန်တော်တို့၏အသက်တာထဲတွင်လည်း အချင်းချင်းအသိအမှတ်ပြုခြင်းဖြင့် လိုက် လျှောက် ကြပါစို့ဟု ဆန္ဒပြုပါသည်။