၁ကော၁၃:၁၁”ငါသည်သူငယ်ဖြစ်စဉ်အခါ သူငယ်လိုစကားပြော၏။ သူငယ်လို စိတ်ထင်၏။ သူငယ်လို ကြံစည်၏။ အသက်ကြီးသောအခါမူကား သူငယ်၏ အရာများကို ငါပယ်ရှား၏”
ခရစ်ယာန်အသက်တာသည် ခရစ်တော်၏ ပြည့်စုံခြင်းပမာဏတည်းဟူသော ကြီးရင့်သော သူအဖြစ်သို့ ရောက်ရှိရန် ဘုရားသခင်သည်အလိုတော်ရှိပါသည်။ ကယ်တင် ခြင်းရရှိဖို့ရန် ကျွန်ုပ်တို့အပိုင်းမှ ကြိုးစားအားထုတ်မှုမပါဘဲ သခင်ယေရှု၏ ကျေးဇူးတော် သက်သက်သာဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ အသက်တာ ကြီးထွား ရင့်ကျက်ဖို့ရန် ကြိုးစားအားထုတ်ရမည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ မစခြင်းအားဖြင့် လျှောက်လှမ်းရမည်ဖြစ်သည်။
Internet မှ ဖော်ပြချက်အရ အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ( ၂၈၅) သန်းရှိသည့်အနက် အများစုမှာ ခရစ်ယာန်ဖြစ်သော်လည်း အမှန်တကယ် ဆက်ကပ်သည့် ယုံကြည်သူဦးရေမှာ (၁၀၀%) လျှင် (၁၀%) သာရှိသည်။ ရင့်ကျက်သော ခရစ်ယာန် အသက်တာ လျှောက်လှမ်းပါက မိမိ၏အသက်တာကို ဘုရားသခင်အတွက် ဆက်ကပ် ထားသူ ဖြစ်ရပါမည်။ သမ္မာကျမ်းစာထဲ၌ အခွန်ခံမသဲ သည် ခရစ်တော်သည် သူ့အားခေါ်ဖိတ်သည့်အခါတွင် မဆိုင်းမတွပဲ ခရစ်တော်၏ နောက်သို့ လိုက်ခဲ့ပါသည်။ သူ၏ဘဝကို ခရစ်တော်အတွက် ဆက်ကပ်ခဲ့ပါသည်။ လူဟောင်းအကျင့်အဟောင်းများကို လည်း စွန့်ပယ်ခဲ့ပါသည်။ ရင့်ကျက်သော ခရစ်ယာန်အသက်တာသည် တမဟုတ်ချင်း ပြောင်းလဲသည်မဟုတ်ဘဲ တဆင့်ပြီးတစ်ဆင့် ခရစ်တော်၌ကြီးထွားသောအသက်တာ ဖြစ်ရပါမည်။ရင့်ကျက်သောခရစ်ယာန်အသက်တာသို့ တတ်လှမ်းလိုပါက အချက်(၃) ချက် အားဖြင့်ဖော်ပြလိုပါသည်။ထိုအချက်များကတော့..
(၁)မိမိကိုယ်ကိုမကြည့်ဘဲ သူတစ်ပါးအကျိုးအတွက်ကြည့်ခြင်း
(၂)ပေးကမ်းလှူဒါန်းခြင်း၌ ရက်ရောခြင်း
(၃)ကြီးထွားရင့်ကျက်ဖို့ စိတ်ဆန္ဒဆုံးဖြတ်ခြင်း တို့ရှိရမည်ဖြစ်သည်။
ရင့်ကျက်သောခရစ်ယာန်အသက်တာဆီသို့လျှောက်လှမ်းကြပါစို့ဟုအားပေးလို ပါသည်။