ဆာလံ ၆၂:၈” အိုလူများတို့ ဘုရားသခင်၌ အစဉ်မပြတ်ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကိုဖွင့်ပြကြလော့။ ဘုရားသခက်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။”
ကျွန်ုပ်တို့၏ ဘဝတွင် ဝမ်းနည်းစရာ အခိုက်အတန့်များကို ကြုံဖူးကြမည် ဖြစ်သည်။ တစ်ခါတစ်ရံ မိမိခံစားရသောအရာများကို တစ်ပါးသူအား ရင်ဖွင့် တတ်ကြပါသည်။ လူသား တစ်ယောက်အနေဖြင့် တစ်ခါတစ်ရံတွင် ဝမ်းနည်းမှုများကို ကြိတ်မှိတ် ခံစားရပြီး သိုဝှက် ထားရသောအချိန်များဖြတ်သန်းဖူးကြမည်ဖြစ်သည်။ အချို့လည်းမခံစားနိုင်တော့သည့်အဆုံး မျှော်လင့်ချက်များပျောက်ဆုံးကာ နောက်ဆုံးထွက်ပေါက်အဖြစ် မိမိကိုယ်ကို အဆုံးစီရင်ခြင်း နည်းလမ်းကိုသုံးသွားကြပါသည်။ လူသားတစ်ဦးတစ်ယောက်အနေဖြင့် ကျဉ်းထဲကျပ်ထဲတွင် ထွက်ပေါက်သည်အင်မတန် လိုအပ်ပါသည်။ ထွက်ပေါက်ဟု ဆိုသောအခါတွင် မှန်ကန်သော ထွက်ပေါက်နှင့် မှားယွင်းသောထွက်ပေါက် နှစ်မျိုးရှိပါသည်။ မှားယွင်းသောထွက်ပေါက်များမှာ အရက်သေစာသောက်စားခြင်း၊ အပျော်အပါးလိုက်စားခြင်း၊ မူးယဇ်ဆေးဝါး သုံးစွဲခြင်းများ စသဖြင့် အများကြီးရှိပါသည်။ အချို့ကတော့ မိမိထွက်ပေါက်အဖြစ် တစ်ပါးသူအား ရင်ဖွင့်ကြ ပါသည်။ ယုံကြည်ရသောသူဖြစ်ပါက အဆင်ပြေနိုင်သော်လည်း မယုံကြည်ရသောသူဖြစ်ပါက မိမိအတွက် ဆိုးကျိုးများသာဖြစ်သွားမည်ဖြစ်သည်။ ဤနေရာတွင် ပြောလိုသည်မှာ လူသား အချင်းချင်းအပြန်အလှန်ရင်ဖွင့်ခြင်းသည် ယုံကြည်ရသောသူဖြစ်ပါက စိတ်နှလုံးသက်သာခြင်း အထိုက်အလျောက်ရရှိမည်ဖြစ်သည်။ သို့သော် လူတစ်ဦးနှင့်တစ်ဦး နားလည်ပေးမှုသည် အတိုင်းအတာ တစ်ခုအထိသာရှိပါသည်။
ယနေ့တွင် ခွန်းအားပေးလိုသည်မှာ ကျွန်ုပ်တို့အနေဖြင့်လူကိုရင်ဖွင့်မလား? ဘုရား သခင် ကိုရင်ဖွင့်မလား? ရွေးချယ်ရမည်ဖြစ်သည်။ ဓမ္မရာဇဝင်(စတု) ၂၀:၁-၆တွင် ဟေဇကိ မင်းကြီး၏ ဘုရားသခင်ထံစိတ်နှလုံးသွန်းလောင်းခြင်းအကြောင်းကို တွေ့ရမည်ဖြစ်သည်။ တစ်နေ့တွင်ပရောဖတ်ကြီး ဟေရှယသည် ဟေဇကိမင်းကြီးထံလာပြီး ထာဝရဘုရားက သင့် အသက်ကို နုတ်မည်ဟု လာရောက်ပြောပါသည်။ သို့သော်သူသည်မသေချင်သောကြောင့် ချက်ခြင်းပင် ထာဝရဘုရားထံ ဒူးထောက်ဆုတောင်းကာ စိတ်နှလုံးကို ဘုရားသခင်ထံ သွန်းလောင်းသောကြောင့်သူသည်နောက်ထပ်(၁၅)နှစ်သက်တမ်းတိုးသွားခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုတို့၏ နှလုံးသားကို ဘုရားထံသွန်းလောင်းကာ အထံတော်သို့ တိုးဝင်ချဉ်းကပ် ကြပါစို့ဟု ခွန်အားပေးလိုပါသည်။