ဖိလိပ္ပိ ၄:၁၃” ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုကို ငါတတ်စွမ်းနိုင်၏”
ရှင်ပေါလုက သူ၏ဘဝအသက်တာတွင် ဘုရားသခင်ပြုသော အမှုများ အတွက် ကြွေးကြော်ခဲ့ပါသည်။ မပြောင်းလဲမှီအသက်တာတွင် ခရစ်ယာန်များကို လိုက်လံ ညှင်းဆဲသော သူဖြစ်သော်ငြားလည်း ခရစ်တော်နှင့်တွေ့ပြီးနောက်ပိုင်း အသက်တာ ပြောင်းလဲလာခဲ့ပါသည်။ ဘုရားသခင်ပေးသောခွန်းအားဖြင့် အမှုတော်မြတ် တွင် စစ်မှန်သော အစေခံကောင်းအဖြစ် အကောင်းဆုံးအသက်ရှင် လျှောက်လှမ်းခဲ့ပါသည်။ သူ၏ဘဝအသက်တာတွင် ရှုတ်ချခြင်း၊ မွတ်သိပ်ခြင်း၊ ဆင်းရဲခြင်း၊ ကျောက်ခဲနှင့်အပစ်ခံရခြင်း အန္တရာယ်အဖုံဖုံကို ဖြတ်သန်း ခဲ့ရပါ သည်။ သို့သော် ထိုအရာများသည် သူ့ကို မလဲသွားစေနိုင်ခဲ့ပါ။ သူ့ကိုခွန်အားနှင့်ပြည့်စုံ စေတော်မူသောဘုရားသခင်၏ တန်ခိုးတော်ကြောင့် ခပ်သိမ်းသောအရာများကို ငါတတ်စွမ်းနိုင် သည်ဟု ကြွေးကြော်ခဲ့ပါသည်။
ခရစ်ယာန်သမိုင်းတွင်အမည်ကျော်ကြားသောဆရာကြီးဂျော့မူးလာ(GeorgeMuller) အကြောင်းကို ဖော်ပြလိုပါ၏။ သူ၏ ထင်ပေါ်ကျော်ကြားသော တရားဟောချက်များ ကို ဆိုရှယ်မီဒီယာတွင် ရှာဖွေပါက တွေ့မည်ဖြစ်သည်။၁၈၉၅ခုနှစ် တွင်ဘုန်းတော်ဝင်စား သွားခဲ့ သော်လည်း ယနေ့ထိတိုင် သူ၏ ယုံကြည်ခြင်း၊ သူ၏အကြောင်းများသည် ကျွန်ုပ်တို့အတွက်ကို အတုယူစရာ အဖြစ်ကျန်ခဲ့ပါသည်။ မူးလာသည် ငယ်စဉ်အခါက ဆိုးသွမ်းသော်သူဖြစ်ခဲ့ပါ၏။ မိခင်သေခါနီးအချိန်တွင်လည်းသူကသူ့သူငယ်ချင်းများနှင့်ဖဲရိုက်ဆော့ကစားနေပါ၏။ ထိုအပြင် ငွေကြေးအားဖြင့်သူတစ်ပါးအပေါ်လိမ်လည်လှည့်ဖျားသောသူဖြစ်ပါ၏။ အသက်(၁၆)နှစ် အရွယ်မှာပင် ထောင်ကျခဲ့သည်။ သို့သော် ထောင်မှလွတ်ပြီး ကျမ်းစာသင်တန်း တစ်ခုတွင် သွားတက်သောအခါတွင်သင်တန်းပေးနေသောဆရာက သူနှင့်အတူဒူးထောက်ပြီး ဘုရားသခင် ထံဆုတောင်းသောအခါခရစ်တော်ကိုရရှိပြီးစိတ်နှလုံးပြောင်းလဲကာခရစ်တော်နောက်လိုက်ဖြစ် လာခဲ့ပါသည်။ လူအနေဖြင့် မတတ်နိုင်သော်လည်းဘုရားသခင်၏ တန်ခိုးတော်ကသူ၏ အသက်တာကို ပြောင်းလဲစေခဲ့ပါသည်။ နောက်ပိုင်းတွင် ဆုတောင်းခြင်း အားကြီးသူ၊ မိဘမဲ့ ခလေးများစောင့်ရှောက်သူအဖြစ်ထင်ရှားသော ဓမ္မဆရာကြီး ဖြစ်လာခဲ့ပါသည်။ ဘုရားသခင် သာလျှင် ကျွန်ုပ်တို့၏ ခွန်အား၊ အစွမ်းသတ္တိဖြစ်သောကြောင့် မိမိမတတ်နိုင်သော၊ မလွတ် မြောက်နိုင်သောအရာများအတွက် ဘုရားသခင်၏ လုပ်ဆောင်ပေးခြင်းအပေါ် အမှီပြု ကာ လျှောက်လှမ်းမည်ဆိုပါက အောင်မြင်ခြင်းကိုရရှိမည်ဖြစ်သည်။