(၂၇) အမှားများထဲမှသင်ခန်းစာယူပါ

Share

ဧဖတ်သြဝါဒစာ ၅:၁၅ ထို့ကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့ မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့

လူရယ်လို့ဖြစ်လာသည်နှင့် မည်သူမှ အမှားနှင့်ကင်းမည်မဟုတ်ပေ။ အမှားများ ထဲမှ သင်ခန်းစာယူဖိုရန်သာရှိပါသည်။ခလေး၊ လူငယ်၊ လူကြီး သူ့အပိုင်းနှင့်သူ အမှား များစွာ လုပ်စမြဲပင်ဖြစ်သည်။ငယ်ရွယ်စဥ်အခါ ကျောင်းသားအရွယ်တွင် ဆရာမက သင်္ချာ တစ်ပုဒ်တွက်ခိုင်းပါက အဖြေမှားလျှင် အမှတ်ရမည် မဟုတ်ပေ။ အမှားတိုင်း အတွက် အဖြေဆိုတာ အမြဲပင်ရှိပါသည်။ မှားယွင်းသော နည်းလမ်းဖြင့် အဖြေကို ရှာပါကလည်း ထပ်ပြီးမှားနေအုံးမည်သာဖြစ်သည်။ ဥပမာ အားဖြင့်- ခဲတံဖြင့် ဥပမာ ပေးလိုပါသည်။ ခဲတံတွင် အမြဲတမ်း အမှားများကိုပြင်ရန် ခဲဖျက်အမြဲတမ်း ထား‌ပေးထားပါသည်။ သို့သော် အမှားများစွာရေးရင်း ခဲဖျက်ကုန်သွားပါက စာများကို ပြန်ဖျက်လို့ ရမည် မဟုတ်ပေ။ ထိုအတူပဲ အမှား လုပ်သူ တိုင်း အတွက် အဖြေဆိုတာရှိသော်ငြားလည်း အချိန်လွန် အမှား ဖြစ်ပါက ဘာမှ လုပ်လို့ရမည်မဟုတ်ပေ။

သခင်ယေရှု၏ တပည့်‌တော်များထဲမှ တစ်ပါးဖြစ်သောယုဒရှကာရုတ်၏ အသက်တာကိုလေ့လာကြည့်ပါက အချိန်လွန် အမှားကို တွေ့ရမည်ဖြစ်သည်။ သခင် ယေရှုနှင့်အတူအမှုတော်မြတ်ထဲတွင် တောက်လျှောက်ပါဝင်ခဲ့သော်လည်း အမှားတစ်ခုကို ကျူးလွန်ခဲ့ပါသည်။ ထိုအမှားကတော့ သခင်ယေရှုကိုငွေကျပ်သုံးဆယ်ဖြင့် ယဇ်ပုရော ဟိတ်၊ အကြီးအကဲတို့ထံ သွားရောက်ရောင်းစားခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သခင် ယေရှုအား ရောမစစ်သားများ၏နှိပ်စက်ညှင်းဆဲမှုကို မြင်တွေ့ရသောအခါ မိမိအမှား အတွက် နောင်တရကာ ဖာရိရှဲတို့ထံ ငွေပြန်ပေးသော်လည်း အချိန်လွန် အမှားဖြစ်သွားခဲ့ ရပါသည်။ ထို့နောက်မိမိအမှားအတွက် မိမိကိုယ်ကိုအဆုံးစီရင်ခြင်းနည်းလမ်းကို ဖြေရှင်း သွားခဲ့ ပါသည်။ ကျွန်တော်တို့၏ ဘဝအသက်တာတွင်လည်း အမှားများအတွက် အမှန်ကို ပြင်ဆင်ဖို့လိုပါသည်။မှားပြီးရင်းမှားနေသောဘဝအသက်တာသည်ခရစ်ယာန် အသက်တာ မဟုတ်တော့ပေ။ အမှားများထဲမှ သင်ခန်းစာယူကာ ဘုရားသခင် အလိုတော် ရှိသော မှန်ကန်သော ဘဝအသက်တာသို့ လျှောက်လှမ်းရမည်ဖြစ်သည်။